သာယာဝတီ စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ယခုအခါတွင် ဈေးကွက်ဝင်ငရုတ်သီးစိမ်းများ ဈေးကောင်းရရှိနေကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရသည်။
သာယာဝတီမြို့နယ်တွင် မိုးမျှော်ငရုတ်သီးကို အဓိကထား၍ ရာသီမရွေးစိုက်ပျိုးလေ့ရှိကြပြီး ငရုတ်ပွမျိုးနှင့်အတောင့်ရှည်မျိုးကို ဆောင်းရာသီတွင် အဓိကထားစိုက်ပျိုးကြသည်။ ငရုတ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြပြီး စိုက်ပျိုးချိန်ပေါ်မူတည်ကာ လယ်ငရုတ်၊ ကိုင်းငရုတ်ဟူ၍ ခွဲခြားစိုက်ပျိုးကြကြောင်းသိရသည်။
"မနှစ်ကဆို ငရုတ်သီးမှုန့်တစ်ပိဿာကို ၈၅၀၀/-ကျပ်မှ ၉၀၀၀/-ကျပ်အထိဈေးရရှိပါတယ်။ ဒီနှစ်ကျတော့ တစ်ပိဿာကို ၁၀၀၀၀/-ကျပ်မှ ၁၁၀၀၀/-ကျပ်အထိ ရောင်းရပါတယ်" ဟု ငရုတ် စိုက်ပျိုးတောင်သူတစ်ဦးကပြောသည်။
ငရုတ်ပင်စိုက်ပျိုးမည့်မြေအား ပေါင်းမြက်ကင်းစင် ကြေညက်သည်အထိပြုပြင်ရပြီး နွားချေး၊ မြေဆွေးစသည့် သဘာဝဓာတ်မြေသြဇာနှင့် ယူးရီးယား၊ တီစူပါ၊ ပိုတက်ရှ်မြေဩဇာများကို အချိုးကျသမအောင်ရောမွှေ၍ မြေခံအဖြစ် ထည့်သွင်းစိုက်ပျိုးရကြောင်း၊ ဒေသထွက်ငရုတ်သီးများကို ရန်ကုန်မြို့သို့ အဓိကတင်ပို့ရောင်းချပြီး သာယာဝတီမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင်လည်း ရောင်းချရကြောင်း၊ ယခုနှစ်တွင် ငရုတ်သီးဈေးကောင်းရရှိသဖြင့် ငရုတ်စိုက်တောင်သူများ မိသားစုအပိုဝင်ငွေတိုးပွား အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)