ကလိန်အောင် စက်တင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ (Book Club) စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းနှင့် (Youth Club) လူငယ်အသင်းတို့ပူးပေါင်း၍ မိမိတို့သိသည့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို စာပေချစ်မြတ်နိုးသူများအချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်ပြီး အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျန်းမာရေးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကိုဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဆွေးနွေးပွဲတွင် ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က စာရေးဆရာမ ပေါက်ပေါက်ရေးသားထားသည့် "ကျန်းမာသုခလူနေမှုဘဝ” စာအုပ်ပါ အကြောင်းအရာများကို အခြေခံပြီး စတင်ဆွေးနွေးရာ စာအုပ်ပါအချက်အလက်များနှင့် သက်ဆိုင်သော အကြောင်းအရာများ၊ အခြားမိမိတို့ သိရှိထားသော ကျန်းမာရေးဗဟုသုတများကို အပြန်အလှန်ဆွေးနွေးကြရာ (Book Club) အသင်းမှ ဒေါ်ခင်ချိုထွန်းက "အိပ်စက်ခြင်းနှင့်ကျန်းမာရေး" ဆောင်းပါးကိုလည်းကောင်း၊ (Youth Club) အသင်းမှ ဦးသူရလင်းမောင်မှ "ဆေးလိပ်သောက်ချင်စိတ်ကို ချိုးနှိမ်နည်း" ဆောင်းပါး အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေနွေးပွဲ တက်ရောက်လာသူများကလည်း ယခုလို ကျန်းမာရေးဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ ဆောင်ရွက်ပေးရာ မိမိတို့သိသည့် အသိများကို မိတ်ဆွေအချင်းချင်း အပြန်အလှန်ဖလှယ်နိုင်ပြီး ကျန်းမာရေးအသိများတိုးပွားစေကြောင့် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့