ပြည်မြို့နယ်၌ ယခုနှစ်ဆောင်းနေကြာ လျာထားဧက(၁၀၀၀)ကျော် စိုက်ပျိုးနိုင်ရန် တောင်သူများထံ မျိုးစေ့များစတင်ဖြန့်ဖြူးပေး

ပြည် စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ ယခုနှစ်ဆောင်းရာသီတွင် ဆီထွက်သီးနှံနေကြာ ဧက(၁၀၀၀)ကျော်စိုက်ပျိုးရန် ရည်မှန်းလျာထားဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် သန့်စင်ပြီး‌ နေကြာမျိုးစေ့များကို ယနေ့နံနက်ပိုင်းကစတင်၍ ဆောင်းနေကြာစိုက်တောင်သူများထံ ဖြန့်ဖြူးဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပြည်မြို့နယ်၏ ဆောင်းနေကြာ ရည်မှန်းလျာထားဧက(၁၀၀၀)ကျော်စိုက်ပျိုးရာတွင် ဆင်းရွှေကြာ(၂)မျိုးစေ့များဖြင့် စိုက်ပျိုးမည်ဖြစ်ပြီး အထူးအနေဖြင့် ဆင်းရွှေကြာ(၁)မျိုးဖြင့် (၂၈)ဧကသီးသန့်စိုက်ပျိုးဆောင်ရွက်မည်ကာ ရည်မှန်းလျာထားဧက(၁၀၀၀)ကျော် စိုက်ပျိုးနိုင်ရန်‌အတွက်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ယနေ့တွင် ဒေသတွင်းဆောင်းနေကြာစိုက်တောင်သူများထံ ဧက ၆၀၀ ကျော်စာ နေကြာမျိုးစေ့များစတင်ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်ဆန်းဝင်းကပြောသည်။

ယင်းသို့ဖြန့်ဖြူးပေးရာတွင် ယခုနှစ်မိုးရာသီက ဆင်းရွှေကြာ(၂)မျိုးဖြင့် မြို့နယ်အတွင်းတောင်သူများစိုက်ပျိုးခဲ့သော မိုးနေကြာ ဧက ၁၆၀ ၏ ထွက်ရှိနေကြာများမှ မျိုးများကို ကာလပေါက်ဈေး တစ်တင်းသုံးသောင်းခွဲ/လေးသောင်းကျပ်နှုန်းဖြင့် ပြန်လည်ဝယ်ယူပြီး   စိုက်ပျိုးရေးဦးစီးဌာနနှင့်နေကြာမျိုး‌စေ့ထုတ်တောင်သူများပူးပေါင်း၍ စုပေါင်းထုတ်လုပ်ထားသော မျိုးသန့်စင်ပြီး ဆင်းရွှေကြာ(၂)နေကြာမျိုးစေ့များကို ဆောင်းနေကြာစိုက်တောင်သူများအတွက် ပြန်လည်ဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ပြည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် သွင်းအားစုများအပါအဝင် မျိုးကောင်းမျိုးသန့်များရရှိစိုက်ပျိုးနိုင်ရေး၊ ရာသီအလိုက်စိုက်ပျိုးသီးနှံများ လျာထားချက်ပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ရေးနှင့် စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့နယ်အတွင်းကျေးရွာများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနည်းပညာပေးသင်တန်းများနှင့် အသိပညာပေးဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)