မယ်စဲ့မြို့နယ်၌ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

မယ်စဲ့  စက်တင်ဘာ  ၂၂

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ မြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ကဝမ်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီးကျော်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူများ၏လိုလားချက်နှင့် ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ရာ ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးက နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ရပ်ရွာပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးအတွက် လာရောက်ရခြင်းဖြစ်ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများက  အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ လူတိုင်းအတွက် ပညာရေး၊ မီးဘေးအန္တရာယ်နှင့် တောမီးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ အိမ်ထောင်စုလူဦးရေစာရင်းအကြောင်း၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ကျေးလက်လမ်းတံတား၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ MCCT အစီအစဉ်၊ လူမှုရေးပင်စင်ထောက်ပံ့ပေးမှု၊ မြို့ရွာများရှိ ဘာသာရေးကျောင်းများအား အခွန်လွတ်သာသနာမြေ ဆောင်ရွက်ပေးနေမှုနှင့် အစိုးရနှင့်ပြည်သူများအကြား သတင်းအချက်အလက်များနှင့် အသိပညာပေးကဏ္ဍများ ဆောင်ရွက်ပေးနေမှုတို့ကို ဆွေးနွေးကြရာ တက်ရောက်လာသည့် ပြည်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ထို့နောက်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆွမ်းဆန်တော်နှင့်ဆီများကို တာဝန်ရှိသူများက ပန်တိန်းသာသနာပြုကျောင်း ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝတ်ရည်(မယ်စဲ့)