မြဝတီ စက်တင်ဘာ ၂၂
ပြည်သူများ နေ့စဉ်စားသုံးနေသည့် အစားအစာများ သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းစေရေးနှင့် သက်တမ်းလွန် အသား၊ ငါး၊ ပုစွန်များ စျေးကွက်တွင်း ရောင်းချမှု မရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက ကရင်ပြည်နယ်၊ မြဝတီမြို့ ဘုရင့်နောင်စျေးကြီးတွင် သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ပူးပေါင်းဆောင်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မိုးကိုနှင့် ဝန်ထမ်းများ၊ ခရိုင်တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဝင်းအောင်နှင့် ဝန်ထမ်းများ၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်း၊ ခရိုင် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့် (၁)
ဦးစိန်မြင့်၊ ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယကြီးကြပ်ရေးမှူး ဦးသာနိုင်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်ကေသီဆွေတို့ ပူးပေါင်းအဖွဲ့သည် စျေးကွက်အတွင်း ရောင်းချနေသည့် အသား၊ ငါး၊ ပုစွန်များ သန့်ရှင်းလတ်ဆတ်မှုရှိရေး၊ ယင်မနားစေရန် စနစ်တကျ အုပ်ဆိုင်းထားရှိရေးနှင့် သက်တမ်းလွန် အသား၊ ငါးများ ရောင်းချမှုမရှိစေရေးတို့ကို စနစ်တကျစစ်ဆေး
ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ပေးခြင်းသည် ပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်မှုရှိသော အသား၊ ငါးများယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံးနိုင်ရေးနှင့် မိုးတွင်းကာလ ဖြစ်ခြင်းကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ် တားဆီးနိုင်စေရေးတို့ အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)