ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့တွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၂/၂၀၂၂) အခမ်းအနားဖွင့်လှစ်

ပဲခူး စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပသည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး)တောင်သူသင်တန်း အမှတ်စဉ် (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံတစ်ခုဖြစ်၍ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ စက်မှုလယ်ယာကူးပြောင်းရေးသည် လယ်ယာမြေပြုပြင်သည့်အဆင့်မှ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်းနှင့် သိုလှောင်ခြင်းအဆင့်ဆင့်ကို စက်ကိရိယာများ သုံးစွဲလုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ စက်မှုလယ်ယာလုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၏ အင်အားတစ်ခုတည်းနှင့် ဆောင်ရွက်၍မရဘဲ လယ်ယာလုပ်ငန်းခွင်တွင် လက်တွေ့လုပ်ကိုင်နေသည့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်မှသာ အောင်မြင်မှာဖြစ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာများကို လယ်ယာလုပ်ငန်းခွင်၌ စနစ်တကျနည်းမှန်လမ်းမှန် အန္တရာယ်ကင်းကင်းသုံးစွဲနိုင်ရန်အတွက် တောင်သူအကျိုးပြု လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာများအား ပစ္စည်းမှန်၊ ဈေးမှန်ဝယ်ယူအသုံးပြုနိုင်ရေး နိုင်ငံတော်အစိုးရမှ လက်ငင်းစနစ်နှင့် အရစ်ကျစနစ်များဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် သင်တန်းသားများအနေဖြင့် မိမိရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားသင်ယူပြီး နိုင်ငံတော်၏ လယ်ယာထုတ်ကုန် တိုးတက်မြင့်မားရေးကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့သည်။

ထို့နောက် ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးသန်းထွန်းက စက်မှုလယ်ယာသင်တန်းကျောင်း(ဘုရားကြီး)၏ သမိုင်းကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းဖွင့်လှစ်ပြီးစီးခဲ့မှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်နှင့်အညီ သင်တန်းသင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထပ်ဆောင်း Booster ထိုးနှံပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။    

အဆိုပါလယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ်(၂/၂၀၂၂)အား ရက်သတ္တပါတ်(၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးမှ(၂၀)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ(၇)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ(၂၂)ဦး၊ ကရင်ပြည်နယ်မှ(၁)ဦး စုစုပေါင်းတောင်သူ (၅၀)ဦးအား လယ်ယာသုံးစက်ကိရိယာ အမျိုးမျိုးမောင်းနှင်ခြင်း၊ လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ထွန်ယက်နည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သက်ဖြိုးကြိုင်(ခရိုင်၊ ပြန်/ဆက်)