ကြို့ပင်ကောက် စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကလေးသူငယ်ပြုစုပျိုးထောင်ရေး မိခင်ဝိုင်းများတွင် တက်ရောက်နေသော ကလေးငယ်များအား ကစားစရာပစ္စည်းများ လှူဒါန်းခြင်းနှင့် ရွှေကြို့မြေ ဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား အာဟာရဖြည့်မုန့်များနှင့် အလှူငွေများလှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့ရှိ ကလေးသူငယ်ပြုစုပျိုးထောင်ရေးမိခင်ဝိုင်းများကို ဇွန်လတစ်ရက်နေ့မှစပြီး သာယာဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၏ ကူညီထောက်ပံ့မှုဖြင့် စတင်ဖွင့်လှစ်၍ ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း စာပေသင်ကြားပေးခြင်းမဟုတ်ဘဲ (၃)နှစ်အောက်ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးရေး၊ မိခင်အချင်းချင်းသိရှိထားသော ကလေးပြုစုပျိုးထောင်နည်းများမျှဝေပေးနိုင်ရန် ဖွင့်လှစ်ထားသော မိခင်ဝိုင်းများတွင် တက်ရောက်နေသောကလေးငယ်များ ပျော်ရွှင်စေရေးအတွက် ကစားစရာပစ္စည်းများ လှူဒါန်းပေးခြင်းဖြစ်ကြောင်း ဆက်လက်ပြီး ရွှေကြို့မြေ ဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွား ၁၈ ဦးအတွက် အာဟာရဖြည့်မုန့်များနှင့် အလှူငွေ ကျပ် ၁၂၅,၀၀၀ အား သွားရောက်လှူဒါန်းခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နေခြည်နုကပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)