ပခုက္ကူမြို့၌ သီတင်းကျွတ်မီးပုံးနှင့်ကလေးကစားစရာအရုပ်များ ရောင်းအားကောင်း

ပခုက္ကူ  စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များ သီတင်းကျွတ်ကာလ မတိုင်မီကပင်စတင်ရောင်းအားကောင်းနေပြီဖြစ်ကြောင်း သိရသည်။

သီတင်းကျွတ်မီးပုံးနှင့်ကလေးကစားစရာအရုပ်များကို ပခုက္ကူမြို့၊ လွတ်လပ်ရေးပန်းခြံအရှေ့ဘက် မြို့မဈေးကြီးအဝင်၊ ထင်းတန်းလမ်းတလျှောက်နှင့် သီဟိုဠ်ရှင်ဘုရားကြီးရှေ့တို့တွင် အဓိကရောင်းလျက်ရှိကြပြီး အဆိုပါမီးပုံးနှင့်အရုပ်များကို အမှတ် ၁ရပ်ကွက်၊ အမှတ်၁၀ရပ်ကွက်၊ အမှတ်၁၃ရပ်ကွက်များမှ မြန်မာ့ရိုးရာလက်မှုလုပ်ငန်းလုပ်ကိုင်သူများက လာရောက်ရောင်းချ ခြင်းဖြစ်သည်။

ထိုသို့ရောင်းချရာတွင် သီတင်းကျွတ်မီးပုံး၊ မီးဆိုင်းများကို အနိမ့်ဆုံးငွေကျပ် ၈၀၀မှ အမြင့်ဆုံးငွေကျပ်၁၂၀၀ ဖြင့်လည်းကောင်း၊ ကလေးကစားစရာအရုပ်များဖြစ်သည့် ယုန်ရုပ်၊ သင်္ဘောပုံစံမျိုးစုံ၊ တိုက်လေယာဉ်ပုံများကို အနည်းဆုံးငွေကျပ် ၁၅၀၀မှ အမြင့်ဆုံးငွေကျပ် ၂၅၀၀ကျပ်ဖြင့်လည်းကောင်း၊ ဟယ်လီကော်ပတာပုံများကို ငွေကျပ် ၂၅၀၀မှ ၅၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း အထူးအော်ဒါစနစ်ဖြင့် အသီးသီးရောင်းချကြကြောင်း၊  ဝါခေါင်လမှစတင်ပြီး  သီတင်းကျွတ်မီးပုံးနှင့်ကလေး ကစားစရာအရုပ်ပုံစံများ ဖန်တီးပြုလုပ်နိုင်ရန် မှန်ရောင်စက္ကူတစ်ရွက်ကို ၁၀၀၀ကျပ်နှုန်းနှင့် ဆီစိမ်အကြမ်းစက္ကူတစ်ရွက်ကို ၅၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူရကြောင်း၊ မှန်ရောင်စက္ကူများအနေဖြင့် ဝါ၊စိမ်း၊ နီ၊ ပြာ၊ ပန်းနု၊ ပန်းဆီစသည့် အရောင်မျိုးစုံရှိကြောင်း၊ ယခင်နှစ်များတွင် တစ်နေ့လျှင်ငွေကျပ်တစ်သိန်းရရှိသည်အထိ ရောင်းချနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ကူးစက် ရောဂါနှင့် အခြားဘေးအန္တရာယ်အမျိုးမျိုးတို့ကြောင့် တစ်နေ့လျှင်အများဆုံး ငွေကျပ်ငါးသောင်းအထိသာရောင်းရကြောင်း၊ ယခုလကာလများတွင် ယုန်ရုပ်နှင့်လေယာဉ်ပုံများပိုမိုရောင်းချရပြီး သီတင်းကျွတ်ကာလရောက်ချိန်တွင် မီးပုံးနှင့်မီးဆိုင်းများ ရောင်းအားကောင်းလျက်ရှိကြောင်း၊ စက်တင်ဘာအစောပိုင်းကစတင်ပြီး လာရောက်ရောင်းချခြင်းဖြစ်ကြောင်း အမှတ်(၁၀) ရပ်ကွက်မှ လက်လီစနစ်ဖြင့် ပြန်လည်ရောင်းချသူတစ်ဦးက ပြောပြသည်။

ကိုဗစ်-၁၉ကူးစက်ရောဂါနှင့် အခြားဘေးအန္တရာယ်အမျိုးမျိုးတို့ကြောင့် ယခုနှစ်တွင် နိုင်ငံတကာဈေးကွက်များမှ ပစ္စည်းများဝင်ရောက်မှု နည်းပါးလျက်ရှိပြီး ပခုက္ကူဒေသထွက်မြန်မာ့ရိုးရာလက်မှုပစ္စည်းများ ပိုမိုရောင်းချနေရကြောင်း သိရသည်။

ဘာမီသာ (ပြန်/ ဆက်)