ပေါက်ခေါင်းမြို့နယ် ကျေးရွာ(၄)ရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ (၁၆၁၂)သိန်းလွှဲပြောင်းပေးအပ်

ပေါက်ခေါင်း       စက်တင်ဘာ      ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းစီမံကိန်းဝင်ကျေးရွာ(၄)ရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်လည်ပတ်ရန်ပုံငွေ (၁၆၁၂)သိန်းလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ကအဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံများတွင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါမြစိမ်းရောင်စီမံကိန်းမတည်ရန်ပုံငွေ ပေးအပ်ပွဲတွင် ဦးစွာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဌေးဇော်က မတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ရခြင်းရည်ရွယ်ချက်များနှင့် ကျေးလက်ဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြုလုပ်ငန်းများဖွင့်လှစ် သင်ကြားပေးနိုင်မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍မြစိမ်းရောင်ကျေးရွာ စီမံကိန်းမတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကျင်းပရာ ကျေးလက်ဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ကွမ်းအုံစုကျေးရွာအတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ၄၄၂ သိန်း၊ တာကောက်ကျေးရွာအတွက် ၃၉၇ သိန်း၊ ချောင်းခွကြီးကျေးရွာအတွက် ၃၈၇ သိန်းနှင့် မန်ကျီးပင်(မြောက်)ကျေးရွာအတွက် စီမံကိန်းရန်ပုံငွေ ၃၈၆ သိန်း စုစုပေါင်းစီမံကိန်းရန်ပုံငွေ ၁၆၁၂ သိန်းကို ကျေးရွာ(၄)ရွာမှမြစိမ်းရောင် စီမံကိန်းကော်မတီဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါမြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အရောင်းအဝယ်ပြုလုပ်မည့် ကျေးရွာပြည်သူများထံသို့ မြစိမ်းရောင်စီမံကိန်းတာဝန်ခံများက တစ်ဆင့်ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)