ပေါက်ခေါင်းမြို့နယ်တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းဖွင့်လှစ်

ပေါက်ခေါင်း      စက်တင်ဘာ     ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ပေါက်ခေါင်းမြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်ကအဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့တပ်ဖွဲ့စု(၂၀)မှ ရဲအုပ်အောင်ဇော်မိုးက ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အမှတ်(၂၀)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ပြည်)မှ ရဲအုပ်ထွန်းညွှန့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမှတ်(၄၁/၂၀၂၂)ဖြင့် အတည်ပြုပြဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေသစ်ကို တင်ပြဆွေးနွေးခြင်း၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုစိစစ်သတ်မှတ်ချက်ပုံစံများအားဖြည့်သွင်းနိုင်ရေး၊ လိင်အမြတ်ထုတ်ခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်းများ ဖြစ်ပွားမှုမရှိစေရေးအတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများ ရပ်ရွာအခြေပြုလူကုန်ကူးခံရသူတွင် ဘေးအန္တရာယ်ရှိနိုင်ပါက သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံခြင်းနှင့် မြို့နယ်အတွင်းရှိ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့သို့ လွှဲပြောင်းအပ်နှံခြင်း၊ လူကုန်ကူးမှုအမျိုးအစားများ လူကုန်ကူးဖြစ်ပွားရခြင်းအကြောင်းအရင်း၊ လူကုန်ကူးမှုဖြစ်စေနိုင်သည့် အကြောင်းအရာများနှင့် ပတ်သက်၍အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်အတွင်းရှိ သင်တန်းသား၊ သင်တန်းသူ(၇၆)ဦး တက်ရောက်ခဲ့ပြီးသင်တန်းကာလမှာ စက်တင်ဘာ ( ၂၂)ရက်မှ ( ၂၄)ရက်နေ့ထိဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)