နတ်မောက်မြို့နယ်တွင် ဆောင်းသီးနှံများစတင်စိုက်ပျိုး

နတ်မောက် စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးရွာတောင်သူများသည် ဆီထွက်သီးနှံဖူလုံစေရေးအတွက် ဆောင်းနှမ်းလျင်သီးနှံများကို စတင်စိုက်ပျိုးလျက်ရှိသည်။

၂၀၂၂ ခုနှစ် မိုးဦးမိုးသည်နေရာဒေသအလိုက် မိုးရွာသွန်းမှု တူညီမှုမရှိကြ၍ မိုးနှမ်းလျင်သီးနှံအောင်မြင်မှု နည်းပါးခဲ့သဖြင့် ဆောင်းနှမ်းကို ဂရုပြုစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

“မိုးဦးက မိုးနည်းတော့မိုးဦးနှမ်းက မိသားစုစားဖြစ်လောက်အောင် နှမ်းမရခဲ့တဲ့တောင်သူတွေ အများကြီးရှိပါတယ်၊ ရတဲ့လူတွေလည်းရကြတာပေါ့၊ အခုကျနော်တို့က နောက်ပိုင်းနှမ်းကို ဂရုပြုစိုက်ပျိုးလျက်ရှိပါတယ်၊ ဩဂုတ်လ(၃၁)ရက်နေ့ကစပြီးတော့ စိုက်ပျိုးရေးအခေါ် ဆောင်းနှမ်းကိုတောင်သူတွေ ဆီဖူလုံဖို့စိုက်နေကြတာပါ။ ဆောင်းနှမ်းကမိုးဦးနှမ်းလို ပေါင်းသင်စရိတ်၊ ဆေးဖြန်းစရိတ်အလွန်အကုန်အကျမများပါဘူး၊    ဆောင်းနှမ်းသဘာ၀အတိုင်း ဆောင်းနှင်းနဲ့ရှင်သန်ပြီး နှမ်းလျင်အောင်မြင်မှု အလားအလာပိုကောင်းပါတယ်” ဟု န/ဂွေးချိုကျေးရွာ တောင်သူကိုစိုးမင်းက ပြောသည်။

နတ်မောက်မြို့နယ်တွင် ဆောင်းသီးနှံနှမ်းလျင်ကို စက်တင်ဘာ(၂၁)ရက်နေ့အထိ စုစုပေါင်းဧက(၁၇၀၅၃၁) စိုက်ပျိုးခဲ့ပြီး ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက သိရသည်။

မူမူစန်း (ပြန်/ ဆက်)