ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာ (အ.လ.က-ခွဲ)တွင် ကျောင်းသား/သူများအား ပန်းခင်းစီမံချက်အဆင့်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေး

ငဖဲ စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးမှ ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက် အဆင့်-၂ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆင်ချည်တိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ သွားရောက်ပြီး ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ မြို့နယ်လဝကမှူး ဦးမျိုးမြင့်ဦးက ပန်းခင်းစီမံချက်အဆင့်-၂ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး မြို့နယ်လဝကမှူးဦးမျိုးမြင့်ဦးနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသော နိုင် ၃(က) ပြုလုပ်သူ ကျောင်းသား (၄၀)ဦးနှင့် ကျောင်းသူ (၃၆)ဦး စုစုပေါင်း ကျောင်းသား/သူ (၇၆) ဦးတို့ကို အထောက်အထားများ စိစစ်ကာ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)