ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးမွေးကန်လုပ်ငန်းရှင်များ ပူးပေါင်း၍ ဈေးနှုန်းချိုသာစွာဖြင့် ငါးရောင်းချပေး

ဘိုကလေး စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒေသတွင်းမှ ငါးမွေးကန် လုပ်ငန်းရှင်များ ပူးပေါင်းကာ ပြည်သူများ ငါးရိက္ခာဖူလုံစေရေးနှင့် ဒေသခံလုပ်သား ပြည်သူများ စားဝတ်နေရေး ချောင်ချိသက်သာစေရေးအတွက် ရည်ရွယ်ကာ ယနေ့ နံနက်(၇) နာရီတွင် ဘိုကလေးမြို့၊ စံပြဈေးအနီးတွင် ဈေးနှုန်းချိုသာစွာဖြင့် ငါးများရောင်းချပေးခဲ့သည်။

ရောင်းချရာတွင် ငါးတန်(၁)ပိဿာလျှင် (၄၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး အိမ်ထောင်စု (၁)စုလျှင် (၅၀)သား၊ (၂၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ငါးပိဿာချိန်(၁၀၀)အား အိမ်ထောင်စု(၂၀၀)အတွက် ရောင်းချပေးခဲ့ ကြောင်းနှင့် ငါးရောင်းချနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဦးလှသန်းဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လာရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)