ဇီးကုန်း စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်ခရိုင် ဇီးကုန်းမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရေးအတွက် လမ်းသွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်း က လူစည်ကားရာရန်ကုန်-ပြည်ကားလမ်း မီးပွိုင့်လမ်းဆုံနှင့် မြို့မဈေးကြီး၌ ပြည်သူများအားနှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်၍ နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက “ကိုဗစ်-၁၉ အိုမီခရွန် မျိုးကွဲများဖြစ်သော BA 4 တို့ BA 5 ကူးစက်မှုများ တွေ့ရှိလာသောကြောင့် ပြည်သူများ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်နိုင်ရေးနှင့် လျော့ကျစေရေးအတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်းစနစ်တကျတပ်ဆင်ရေး အသိပညာပေးပြောကြားပြီး၊ နှာခေါင်းစည်းအခု ၁၅၀၀ ကို(အခမဲ့) ဝေငှပေးခဲ့ကြသည်။
ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း First Dose ၊ Second Dose များ ပြည့်မီအောင်ထိုးနှံပေးခဲ့သလို Booster Dose ထိုးနှံပေးရေးလုပ်ငန်းများ၊ ကျောင်းနေအရွယ်ကလေးများ ကာကွယ်ဆေးထိုးနှံပေးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပြီး၊ ပြည်သူများအား လမ်းသွားလာရာတွင် နှာခေါင်းစည်များ စနစ်တကျတပ်ဆင်သွားလာကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး Mask Campaign အစီအစဉ်များကို လမ်းမကြီးများ၊ လမ်းဆုံလမ်းခွများတွင် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဇီးကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
တင့်ဆွေ(ပြန်/ဆက်)