အင်္ဂပူမြို့နယ်တွင် မိုးစပါးစိုက် တောင်သူများအား ဈေးနှုန်းချိုသာစွာဖြင့် (ဒုတိယအကြိမ်) ဓာတ်မြေသြဇာများ ဖြန့်ဖြူးပေး

အင်္ဂပူ စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၂- ၂၀၂၃ ခုနှစ် မိုးစပါးစိုက် တောင်သူများအား စျေးနှုန်းချိုသာစွာဖြင့် ယူးရီးယား ဓာတ်မြေဩဇာ ဖြန့်ဖြူးခြင်းအခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကျော်မိုးက ယခုနှစ်မိုးရာသီ မိုးစပါးစိုက် တောင်သူများ အနေဖြင့်  ဓာတ်မြေသြဇာများ စျေးနှုန်းကြီးမြင့်စွာ ဝယ်ယူရမှု အခက်အခဲများ မရှိစေ ရန် နိုင်ငံတော်မှ စျေးနှုန်း ချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးရခြင်းဖြစ်ကြောင်း၊ တစ်ဧကအလိုက် အထွက်နှုန်းတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ ပေးအပ်ခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သော်မြင့်က ဓာတ်မြေဩဇာ ဖြန့်ဖြူးပေးခြင်းနှင့် တောင်သူများအား ဓာတ်မြေဩဇာ ခွဲဝေပေးအပ်မှုအပေါ် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများမှ ယူးရီးယားဓာတ်မြေဩဇာများ ကို မိုးစပါးစိုက် တောင်သူများအား ခွဲဝေပေးဖြန့်ဖြူးပေးခဲ့သည်။

အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ဧက (၁၁၇၅၁၂)အတွက် ဒုတိယအကြိမ် ယူးရီးယားဓာတ် မြေသြဇာ(၈၂၅) အိတ်ကို စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးခဲ့ပြီး အင်္ဂပူမြို့နယ်အတွင်း မိုးစပါးလျာထား စိုက်ဧက စုစုပေါင်း (၁၁၇၅၁၂)ဧက ရှိကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)