နတ်မောက်မြို့နယ်အတွင်း Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

နတ်မောက်  စက်တင်ဘာ  ၁၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန  အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တွင်  ကိုဗစ်-၁၉ ကြောင့်    စီးပွားရေးထိခိုက်မှုကို    ကုစားရန်အတွက် Cash For Work  စီမံကိန်းအား ဇူလိုင်လ စတုတ္ထပတ်မှ စတင်၍ ကျေးရွာ (၁၂) ရွာတွင် အကောင် အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်  ဆောင်ရွက်ပြီးကြောင်းသိရသည်။

အဆိုပါ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်တဲ့အခါ အလုပ်လက်မဲ့ ပြည်သူတွေ ၊ ဝင်ငွေမရှိတဲ့ ပြည်သူ တွေ၊ အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုတွေကို ဦးစားပေးကာ စီမံကိန်းလုပ်ငန်းများအား ပါဝင်ဆောင် ရွက်စေကြောင်း၊ ၎င်းလုပ်ငန်းဆောင်ရွက်သူများအား တစ်နေ့တာလုပ်အားခအဖြစ် လူတစ်ဦးလျှင် ကျပ် (၅၀၀၀) မှ ( ၆၀၀၀ )အထိပေးချေ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်အတွင်း Cash For Work  စီမံကိန်းဖြင့် ပိတောက်ငုတ် (ရွာကြီး) ကျေးရွာ၊ အိုင်မကျေးရွာ၊ ကျွန်းဖိုစမ်းကျေးရွာ၊ ရွာသာလေးကျေးရွာနှင့် သီးချောင်းကျေးရွာ စုစုပေါင်းကျေးရွာ (၅) ရွာတွင် ကျေးရွာ တွင်း မြေသားလမ်းခင်းခြင်းလုပ်ငန်းများ ၊ ကျောင်းကုန်း ကျေးရွာ၊ ဝါးရုံကုန်းကျေးရွာ၊ ချောင်းနက်ကျေးရွာ၊ လယ်ပြင်ကန်ကျေးရွာ၊ ကြက်သောက်တွင်းကျေးရွာ၊ ညိုသုမြောင်ကျေးရွာနှင့်  မကျီုးချို ကျေးရွာစုစုပေါင်း ကျေးရွာ (၇) ရွာတွင် မြေသားရေကန်တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ  စုစုပေါင်းကျေးရွာ (၁၂) ရွာတွင် လုပ်ငန်းခွဲ (၁၂) ခုအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းသူရထံမှ သိရသည်။

သင်းသင်းဝေ (နတ်မောက်)