ပုသိမ် စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်နှင့် စာပေစကားဝိုင်းကို စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ (၂)နာရီအချိန်က အ.ထ.က(၆)ပမ္မဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အ.ထ.က(၆) ကျောင်းအုပ်ဆရာကြီး ဦးသန်းလှိုင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းပြဆရာမ ဒေါ်မြင့်မြင့်ကြူက စာပေဖတ်ရှုခြင်းဖြင့် ဘဝကိုမြှင့်တင်ကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား/သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
လူငယ်နှင့်စာပေစကားဝိုင်းသို့ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/မများနှင့် Grade-11 ကျောင်းသား/သူ စုစုပေါင်း (၁၃၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်ဟန်
ပုသိမ်ခရိုင်(ပြန်/ဆက်)