ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကလေးဝ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကလေးသူငယ်အခွင့်အရေးများအား ကာကွယ်ပေးရေး အားလုံးရပ်တည်ပေး၊ ကလေးအလုပ် သမား အဆုံးသတ်ဖို့ ယခုပင်လုပ်ဆောင်စို့ စသည့် ရည်ရွယ်ချက်များနှင့်အညီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက  အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ကလေးဝမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က  အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကလေးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာထူးက ကလေးသူငယ်များ၏ အသက်နှင့်စပ်လျဉ်းသည့်ပြဌာန်းချက်များ၊ ကလေးသူငယ်များအတွက်အန္တရာယ်ရှိသော အလုပ်အမျိုးအစားများ၊ ကလေးလုပ်သားများ ဖြစ်စေရသော အကြောင်းများကို အသိပညာပေး ပြောကြားခဲ့ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမားများ၏ အကျိုးဆက်၊ ကလေးအလုပ် သမားပပျောက်စေရေးအတွက် ရည်မှန်းချက် (၃) ရပ် စသည့် အချက်များကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိ အကြီးအကဲများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သက်ဟန်(ပြန်/ ဆက်)