ထားဝယ်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

ထားဝယ် စက်တင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးက ကျောင်းသူ၊ ကျောင်းသားအနေဖြင့် တာဝန်ရှိသူများ၏ ဟောပြောချက်များကိုသိရှိလိုက်နာ၍ လေ့လာမှတ်သားစေလိုကြောင်း ပြောကြားပြီး တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး ဒေါ်မေသန်းနိုင်က  အစားအသောက်နှင့် ဘေးကင်းစေရေး၊ ဆေးဝါး၊ ဆေးပစ္စည်း၊ လူသုံးကုန်နှင့်အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး အကြောင်းအရာ များအား လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ဇူးဇူးဇင်နိုင်က စားသုံးသူများလုံခြုံစိတ်ချမှုရရှိစေရေး၊ စားသုံးသူအခွင့်အရေး(၈)ချက်အား လည်းကောင်း အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ကြသည်။

ထို့နောက်တာဝန်ရှိသူများက အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကျောင်းသား/သူများအားကျန်းမာရေး ထိခိုက်စေသည့်ဆိုးဆေးနှင့် တာရှည်ခံဓာတုဆေးများ၊ အန္တရာယ်ကင်းသောအစားအစာရရှိရေးအတွက်  အဓိက ဆောင်ရွက်ရမည့်အချက် ၅ ချက်ပါဝင်သည့် လက်ကမ်းစာစောင်များဖြန့် ဝေခဲ့ကြပြီး ကျောင်းအတွင်းရောင်းချနေသော ကျောင်းမုန့်ဈေးတန်းအား အစားအသောက်ဘေးကင်းရေးအတွက် ကြည့်ရှုစစ်ဆေးကာ မုန့်ဖက်၊ ဟော့ဒေါ့များတွင် ခွင့်မပြုဓာတုဆေး များပါဝင်ခြင်းရှိ/မရှိ ရွှေ့လျားဓာတ်ခွဲယာဉ်ရှိ ဓာတ်ခွဲဆေးပစ္စည်းများဖြင့် စစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ကျောင်းမုန့်ဈေးတန်းမှ ဆီးသီးယို၊ မက်မန်းယိုစုံများတွင် ခွင့်မပြုဓာတုဆိုးဆေးများ ပါဝင်ခြင်းရှိ/မရှိ နမူနာဝယ်ယူပြီး တိုင်းရုံး(FDA) ဓာတ်ခွဲခန်းတွင် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)