ကလိန်အောင် စက်တက်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများနှင့် (Youth Club)လူငယ်အသင်းတို့ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမြတ်ထွဋ်ညွန့် ရေးသားထားသည့် "ဘဝကိုပြောင်းလဲစေသော အတွေးအခေါ်များ အတွဲ(၂)" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ကလိန်အောင်မြို့ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က လူငယ်လူရွယ်များနှင့် ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ လူငယ်များ အနေဖြင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများ ရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ရင်းနှီးမှုရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စာရေးဆရာ ဒေါက်တာမြတ်ထွဋ်ညွန့် ရေးသားထားသည့် "ဘဝကိုပြောင်းလဲစေသော အတွေးအခေါ်များ အတွဲ(၂)" စာအုပ်ပါ အသိပညာပေးဆောင်းပါးများကို (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဒေါ် စန်းစန်းအေးနှင့် စာပေဝါသနာရှင် ဦးဝေဟင်စိုး တို့ကစာအုပ်ပါ အသိပညာပေးဆောင်းပါးအကြောင်းအရာများနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိများကို အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့်လည်းကောင်း လစဉ်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ခင်လဲ့