ပဲခူး စက်တင်ဘာ ၂၁
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီ က ပဲခူးမြို့၊ အ. ထ. က(၈)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်မြင့် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဝင်း က “အားကစား”ဆိုတာ အင်အားနဲ့ဉာဏ်ရည်ကိုအသုံးချကြောင်း၊ အားကစားအမျိုးအစား (၄)မျိုးရှိပြီး ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ဖြစ်ကြောင်း၊ ကာယပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားက ဆောင်ရွက်ပေးတာဖြစ်ကြောင်းတို့ကို အသိပညာပေးဟောပြောပြီး ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နု က ကျောင်းသား/ ကျောင်းသူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာပေဖတ်ရှုသည့် အကျိုးကျေးဇူးများ၊ Social media အသုံးပြုခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်ပြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဝင်းကျော် (မြို့နယ်အားကစားမှူး)နှင့် ဦးမျိုးမင်းဦး (နည်းပြနည်းစနစ်မှူး)က အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (ရန်ကုန်) တက်ရောက်နိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲ အခမ်းအနားသို့ အ. ထ. က (၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)