ကော့ကရိတ်မြို့၌ လူငယ်ရေးရာအသိပညာပေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကော့ကရိတ် စက်တင်ဘာ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း (ချောင်းတောင်)တွင် ယနေ့နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍  အသိပညာပေး ဟောပြောခဲ့ကြသည်။

ထိုသို့ဟောပြောရာတွင် အခြေခံပညာအထက်တန်းကျောင်း(ချောင်းတောင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီလွင်ကအဖွင့်အမှာစကားပြောကြားပြီး  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က ဗလငါးတန်ဖွံ့ဖြိုးဖို့လူငယ်နှင့်ရည်မှန်းချက် အကြောင်းအရာတို့ကိုလည်းကောင်း၊ ခရိုင်ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညွန့်ဦးက ယာဉ်များမောင်းနှင်ရာတွင် အသက်(၁၈)နှစ်ပြည့်နှင့် ယာဉ်မောင်းလိုင်စင်ပြုလုပ်၍ မောင်း နှင်ကြရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းနှင့် ပတ်သက်သည့်အမှတ်အသားတို့ကိုလည်းကောင်း၊ အမှတ်(၇၁)ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကော့ကရိတ်) ဒုရဲမှူး အောင်ကိုဦးက မော်တော်ဆိုင်ကယ်/ မော်တော်ယာဉ် မောင်းနှင်ရာတွင် လိုက်နာရမည့်အချက်များ၊ ဥပေဒပုဒ်မများ၊ အသက်မပြည့်ဘဲ ဆိုင်ကယ်မစီးရေး၊ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်ဦးထုပ်ဆောင်းရေး၊ မူးယစ်ဆေးဝါး၊ အရက်သေစာသောက်စားမူးယစ်၍ မော်တော်ယာဉ်ကိုမောင်းနှင်ခြင်းမပြုရေး၊ ယာဉ်တိုက်မှုဖြစ်လျှင် မကောင်းသည့်အကျိုးဆက်များ စသည်တို့ကိုလည်းကောင်း အသိပညာပေးဟော ပြောခဲ့ကြသည်။

ထို့နောက်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းနှင့် ပတ်သက်၍မေးခွန်းများမေးမြန်းရာ  အဖြေမှန်ဖြေကြားခဲ့သည့် ကျောင်းသူ/ကျောင်းသားများကို အမှတ်တရဆုများ ချီးမြှင့်ခဲ့ကြပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)