ဖားဆောင်း စက်တင်ဘာ ၂၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင်၊ မြို့ဝင်ရတနာစျာန်အောင် စေတီတော်မြတ်ကြီး၌ အသစ်တင်လှူမည့် စိန်ဖူးတော်သစ်မြို့တွင်း လှည့်လည်ပူဇော်ခံခြင်းကို ယနေ့နံနက် (၇)နာရီအချိန် က စိန်ဖူးတော်သစ်တင်လှူပူဇော်ရေး ဂေါပကအဖွဲ့များမှ ဦးဆောင်၍ ပူဇော်ခံထွက်ခဲ့ကြသည်။
စိန်ဖူးတော်သစ်တင်လှူပူဇော်ရေး ဂေါပကအဖွဲ့နှင့် မြို့သူ၊ မြို့သားများ စုပေါင်း၍ သံရာဝဋ်ဆင်းရဲမှကင်းလွတ်ရာအေးငြိမ်းရာမှန် မြတ်နိဗ္ဗာန်ကို ရည်သန်တောင့်တလျက် စိန်ဖူးတော်သစ်ကို မော်တော်ယာဉ်ဖြင့် ပင့်ဆောင်ပြီး ဖားဆောင်းမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ မွေတော်ပရိယတ္တိစာသင်တိုက်မှ စတင်ထွက်ခွာကာ တောင်ပိုင်းရပ်ကွက်နှင့် မြို့တွင်းတစ်ပတ်လှည့်လည် ပူဇော်ခံခဲ့ရာ မြို့သူ၊ မြို့သားများမှ လှူဘွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ စိန်ဖူးတော်သစ်အား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၉ ရက် (ကြာသာပတေး)နေ့ နံနက်(၈)နာရီအချိန်တွင် ရတနာစျာန်အောင် စေတီတော်မြတ်ကြီး၌ တင်လှူပူဇော်မည်ဖြစ်ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)