ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေး Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပေါင်းတည် စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေး၊ ကူးစက်ပြန့်နှံ့မှုလျော့ကျစေရေးနှင့် ပြည်သူများ အိုမီခရွန်ရောဂါပိုးကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများမှ Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် ရန်ကုန်ပြည်လမ်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးအာကာစိုးဦးဆောင်၍ စည်ပင်သာယာရေးအဖွဲ့ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနဝန်ထမ်းများက မြို့နယ်အတွင်းရှိ သွားလာနေသူပြည်သူများအား ကိုဗစ်- ၁၉ မျိုးဗီဇပြောင်းအိုမီခရွန် ရောဂါမျိုးကွဲ BA4 နှင့် BA5 ရောဂါပိုးကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရန်၊ နေအိမ်ပြင်ပသို့သွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့် ၂၀ ကြာအောင် မကြာခဏဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ရန်တို့ကို အမြဲသတိရှိစေရန် အသိပညာပေးပြောကြားပြီး ပါးစပ်နှင့်နှာခေါင်းစည်း Mask များတပ်ဆင်ခြင်းမရှိ သွားလာသူများအား Mask များ ဝေငှပေးခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)