ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ့စာကြည့်တိုက်၌ Online အစီအစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရှမ်းရွာသစ်၊ စက်တင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စက်တင်ဘာ လ (၉) ရက်နေ့ နံနက်ပိုင်းမှစ၍ ပြည်သူ့စာကြည့်တိုက် စာအုပ်/စာစောင်များ ငှားရမ်းခြင်းကို ခေတ္တပိတ်ထားပြီး Online အစီအစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းကို ခေတ္တပိတ်ထားသော်လည်း ပြည်သူများအတွက် Online မှတစ်ဆင့် အလွယ်တကူကြည့်ရှုနိုင်စေရန်၊ ကလေးသူငယ်များ စာပေဗဟုသုတ ပိုမို တိုးတက်လာစေရန်အတွက် ရည်ရွယ်၍ ရှမ်းရွာသစ်မြို့ပြည်သူ့စာကြည့်တိုက် Page မှ Online စနစ်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကလေးသူငယ်များအတွက် ရုပ်ပုံပြပုံပြင်ပြောကြားခြင်း၊ ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်ခြင်း၊ ရုပ်ပုံလေးများအား ဆေးရောင်ခြယ်သခြင်း၊ ကဗျာရွတ်ဆိုပြခြင်း၊ စာပေချစ်မြတ်နိုးသူများအတွက် ဗဟုသုတဖြစ်စေမည့် စာအုပ်၊ စာစောင်များကို မိတ်ဆက်ပေးခြင်းအစီအစဉ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေ့စဉ်ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)