ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကလေးဝ စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကလေးသူငယ်အခွင့်အရေးများအား ကာကွယ် ပေးရေး အားလုံးရပ်တည်ပေး၊ ကလေးအလုပ်သမား အဆုံးသတ်ဖို့ ယခုပင်လုပ်ဆောင်စို့ စသည့်ရည်ရွယ်ချက်များနှင့်အညီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကလေးဝမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကလေးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာထူးက ကလေးသူငယ်များ၏ အသက်နှင့် စပ်လျဉ်းသည့်ပြဌာန်းချက်များ၊ ကလေးသူငယ်များအတွက် အန္တရာယ်ရှိသော အလုပ်အမျိုးအစားများ၊ ကလေးလုပ်သားများ ဖြစ်စေရသော အကြောင်းများကို အသိပညာပေး ပြောကြားခဲ့ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးအလုပ်သမားများ၏ အကျိုးဆက်၊ ကလေးအလုပ်သမား ပပျောက်စေရေးအတွက် ရည်မှန်းချက် (၃) ရပ် စသည့် အချက်များကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိ အကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)