ကျုံပျော်တွင် ရေခင်းပွဲတော်အကြောင်း သိကောင်းစရာ Talk Show ရိုက်ကူးထုတ်လွှင့်

ကျုံပျော် စက်တင်ဘာ ၂၁

မြန်မာတို့၏ ၁၂ လ ရာသီပွဲတော်များ အနက်မှ တော်သလင်းလ၏ ထူးခြားသည့်ပွဲတော်ကျင်းပမှု အကြောင်းကို အများပြည်သူ သိရှိနိုင်စေရန်အတွက် ရေခင်းပွဲတော်အကြောင်း သိကောင်းစရာ Talk Show ရိုက်ကူး ထုတ်လွှင့်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင်  ယနေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းစိုးက တော်သလင်းလဟု ခေါ်တွင်ခဲ့ပုံ၊ ထူးခြားမှု ဝိသေသ၊ ကျင်းပသည့် ပွဲတော်အကြောင်းကို မေးမြန်း ဆွေးနွေးရာ Book Club အဖွဲ့ဥက္ကဋ္ဌ ဆရာကြီး ဦးတင်ဝင်းက မြန်မာ့ရှေးထုံးအရ ရာသီ၊ ပန်းမာန် အင်္ဂါရုပ်နှင့်  ပါဠိစကားတို့မှ ဆင်းသက်၍ တော်သလင်းလ ‌ဟုခေါ်ဆိုပုံ၊ တော်သလင်းလ မြစ်ရေပြင်၏ အခင်းအကျင်းနှင့် လူငယ်တို့၏ ဟန်ရေးပြ ပန်းလုပွဲ ဆင်နွှဲပုံ၊ ရေခင်းသဘင်ခေါ် ရှေးအခါ လှေပြိုင်ပွဲ ကျင်းပကြပုံ၊ မြန်မာ့ရိုးရာ လှေတို့၏ အမည်နာမ အခေါ်အဝေါ်များကို ဗဟုသုတဖြစ်ဖွယ် အကျယ်တဝင့် ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။

ကျုံပျော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် စာအုပ်စာ‌စောင်များ ငှားရမ်းပေးခြင်း၊ ပြည်သူတို့ သိသင့်သိထိုက်သည့် သတင်း အချက်အလက်များ ဖြန့်ဝေပေးခြင်း၊ ကလေးစာဖတ်ခန်းများ ဖွင့်လှစ်ကာ ကလေးများ ငယ်စဉ်ကပင် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိရန် ပျိုးထောင်ပေးခြင်းနှင့် လူထုအခြေပြုဗဟိုဌာန (Community Centre)များ ဖွင့်လှစ်ကာ လူအများနှင့် ဆွေးနွေးပြောဆိုတတ်သည့် အလေ့အထ၊ အတတ်ပညာနှင့် အသိအမြင်များ ဖလှယ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်တို့ကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)