မင်းဘူးမြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်

မင်းဘူး စက်တင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှူး ရဲမှူးကျော်လင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူကုန်ကူးမှုအခြေအနေများ၊ လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုစိစစ်ဖော် ထုတ်သည့် မှတ်တမ်းပုံစံဖြည့်သွင်းမှု၊ ကလေးသူငယ်များ လူကုန်ကူးမှုကျူးလွန်ခံရခြင်း၊ အတင်းအဓမ္မ လုပ်အားစေခိုင်းခြင်း၊ လိမ်အမြတ်ထုတ် အဓမ္မပြည့်တန်ဆာပြုခြင်းများ မဖြစ်ပွားစေရေး စသည့် ဘာသာ ရပ်များကို အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှူး ရဲမှူးကျော်လင်းက ဆွေးနွေးပို့ချ ခဲ့ပြီး တပ်ဖွဲ့ဝင်များက အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းကို စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ် ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် လူမှုကူညီရေး အသင်းအဖွဲ့အစည်းများမှ သင်တန်းသား (၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)