ရှမ်းရွာသစ်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်

ရှမ်းရွာသစ်၊ စက်တင်ဘာ  ၁၆


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်ခွဲအဖွဲ့ဝင်များအား ပညာပေးသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်တွင် ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ  ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်၊ လှိုင်းဘွဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးခင်မောင်ဝင်း၊ ဒေါ်နန်းမာလာဝင်းနှင့် ဒေါ်နန်းခင်မြင့်တို့က ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို အသီးသီးအဖွင့်အမှာစကား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် မဲစာရင်းများပြုစုခြင်း၊ မဲဆန္ဒနယ်များသတ်မှတ်ခြင်း၊ တပ်မတော်သားများမှအပ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေးအတွက် မဲစာရင်းပြုစုခြင်း၊ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်မဲပေးနိုင်ရေးအတွက် မဲစာရင်းပြုစုခြင်း၊ မဲဆန္ဒနယ်ပြင်ပ ရောက်သူများ ကြိုတင်မဲစာရင်းပြုစုခြင်း၊ ဥပဒေ၊ နည်းဥပဒေနှင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ဖွဲ့စည်းပုံများ စသည့် ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ညနေ (၄)နာရီခွဲအချိန်ထိ သင်တန်းဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)