ဒေးဒရဲ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ပြန်လည်ကူးစက် ပျံနှံ့လာမှုအား ကြိုတင်ကာကွယ်နိုင်စေရန်နှင့် နေအိမ်ပြင်ပသို့ သွားလာတိုင်း mask တပ်ဆင်သည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍ Mask Campaignအဖြစ် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀) နာရီက ဒေးဒရဲ- ဖျာပုံ- ရန်ကုန် ကားလမ်းမဆုံနှင့် လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဖြန့်ဝေပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်၊ နှာခေါင်းစည်း များကို စနစ်တကျ တပ်ဆင်သွားလာစေရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ လမ်းသွား/လမ်းလာ ပြည်သူများအား ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်ရှိသော ရပ်ကွက်များနှင့် စျေးများတွင်လည်း ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင် သွားလာစေရေးနှင့် အသက် ၁၈ နှစ်အထက် ကာကွယ်ဆေးထိုးနှံပြီးစီးကာလ ခြောက်လ ပြည့်ပြီးသူများ မပျက်မကွက် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံစေရေး အသိပညာ ပေးခြင်းကို တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အေဇာလင်း
မြို့နယ်(ပြန်/ဆက်)