ပန်းတောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်

ပန်းတောင်း စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဗီဇပြောင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုကင်းဝေးစေရန်နှင့်  ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်သူလူထုသိရှိလိုက်နာနိုင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံက်ပိုင်းက ဆင်တဲစျေးရှေ့၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြည်သူများနှာခေါင်းစည်းတပ်ဆင်ရေးပညာပေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးဦးချစ်ကိုကိုနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ ကျန်းမာရေးဝန်ထမ်းများ၊ ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မြို့နယ်မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များစည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့တို့ကမြို့နယ်ဆင်တဲစျေးရှေ့တို့တွင် စုရပ်ပြုလုပ်၍စျေးရောင်း၊ စျေးဝယ်သူများ မြို့တွင်းဖြတ်သန်းသွားလာသော ခရီးသယ်ပို့ဆောင်ရေး မော်တော်ယာဉ်နှင့် ကုန်တင်ယာဉ်ကြီးများ၊ မော်တော်ဆိုင်ကယ် စီးနင်းသွားလာသူများနှင့် ဒေသခံပြည်သူများကို တွေ့ဆုံ၍ ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါအန္တရာယ် ကူးစက်ပြန့်ပွားမှုမရှိစေရေး နေအိမ်ပြင်ပသို့ မဖြစ်မနေ သွားလာပါက  ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီးမှသာသွားလာကြရန်၊ တတ်နိုင်သမျှ လူစုလူဝေးရှိသောနေရာများသို့ သွားလာခြင်းအားရှောင်ကြဉ်ကြရန်၊ အရာဝတ္ထုတစ်ခုခု ကိုင်တွယ်ပြီးချိန်တိုင်း လက်ကိုဆပ်ပြာနှင့် စနစ်တကျ ဆေးကြောရန် ၊ လက်မဆေးခြင်းမပြုမီ နှာခေါင်းနှင့် မျက်စိတို့ကိုပွတ်သပ်ခြင်း၊ ထိတွေ့ခြင်းမပြုလုပ်ရန်၊ အပြင်မှပြန်လာသည့်အခါ နှာခေါင်းစည်းကို စနစ်တကျစွန့်ပစ်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအး အကြိမ်ပြည့် မပျက်မကွက် ထိုးနှံမှုအားခံယူကြရန်စသည့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာအချက်များကို အသိပညာပေးဆွေးနွေးပြောကြားပြီး ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေတပ်ဆင်ပေးခဲ့ကြကြောင်း သိရသည်။ 

ယခုကဲ့သို့ မြို့နယ်အတွင်း ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါအန္တရာယ် ကင်းဝေးစေရေးအတွက် ပါးစပ်နှာခေါင်းစည်း တပ်ဆင်သွားလာရေး လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ပြည်သူလူထု ပူးပေါင်းပါဝင် တိုက်ဖျက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)