ဘားအံ စက်တင်ဘာ ၂၁
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေ ရန်ရည်ရွယ်၍ အားကစားလှုပ်ရှားမှုပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၊ ကလေးစာဖတ်ခန်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က အားကစားဆိုင်ရာလှုပ်ရှားမှုပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အားကစားလှုပ်ရှားမှုဆိုင်ရာ ကစားနည်းပြိုင်ပွဲများတွင် ပဲတောက်ပြိုင်ပွဲ၊ သားရေပင်လက်ဆင့်ကမ်းသယ်ပြိုင်ပွဲ၊ သားရေပင်ကလော်ပြိုင်ပွဲများ၊ ဉာဏဖွံ့ဖြိုးစေရန်အတွက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ရာ ဘားအံမြို့နယ်ရှိ အမှတ် (၁၁) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူများ (၂၂) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိ သူများကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ခရိုင် (ပြန်/ဆက်)