ရေဖြူ စက်တင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးမြင့်နိုင်နှင့် ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူရှိန်တို့က သင်တန်းဆင်းအမှာစကား ပြောကြားကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိ ဝင်ငွေတိုးစေရန်၊ အသုံးစရိတ် ချွေတာတတ်စေရန်၊ ကိုယ်ပိုင်လုပ်ငန်းထူထောင်၍ လက်တွေ့ဘဝမှာ ပြန်လည်းအသုံးချ တတ်စေရန် ရည်ရွယ်သင်ကြားပေးခြင်းဖြစ်ကြောင်း နည်းပြဆရာမ ဒေါ်ရီရီလွင်က သင်တန်း ဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် လူသုံးကုန်ပစ္စည်း (၁၂) မျိုး ပို့ချပေးခဲ့ပြီး သင်တန်းသား/သူ (၂၆) ဦး တက်ရောက်ခဲ့ကာ သင်တန်းကာလ (၅) ရက်တာ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ခတ္တာ