ဘားအံ စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် စုရပ် (၁၀) နေရာတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက်တွင် ဘားအံမြို့နယ်အတွင်းရှိ အမှတ်(၁)ရပ်ကွက်၊ နိဗ္ဗန္ဒဘုန်းတော်ကြီးကျောင်း၊ ကော့သင်းရှူးကျေးရွာ၊ နတ်ထိပ်ကျေးရွာ၊ ကော့လှိုက်ကျေးရွာ၊ နတ်ကျွန်းကျေးရွာ၊ သံလှယ်ကျေးရွာ၊ လှာကဒေါင် ကျေးရွာ၊ အုန်းတပင်ကျေးရွာ၊ ကော့သံခါကျေးရွာနှင့် နောင်ပလိန်ကျေးရွာတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် သံဃာတော်များနှင့် ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးခြင်း၊ ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်း၊ ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီး ခြောက်လပြည့်ပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်း၊ ထပ်ဆောင်းကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်းတို့ကို သံဃာတော်များ နှင့် ပြည်သူ (၂၇၅၀) ဦးအား ထိုးနှံပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှ သိရှိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များ၊ volunteer များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ရောဂါအခံ ရှိ/မရှိမေးမြန်းခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီး သူများကို မိနစ်(၃၀)ခန့် အနားယူစေခြင်းများ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)