မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီမှုသင်တန်း မြိတ်မြို့တွင် ဖွင့်လှစ်

မြိတ် စက်တင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီမှုသင်တန်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ယနေ့နံနက်(၉)နာရီခွဲက မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့်ဘေး အန္တရာယ်ကင်းရှင်းရေးဌာနမှ ဖွင့်လှစ်ခဲ့သည်။

သင်တန်းကို စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီမှုများကို နားလည်စေရန်၊ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်းနှင့်အရေး ပေါ်အခြေအနေများတွင် စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်းနှင့် စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီမှုများကို ပြုလုပ်ရာတွင် စွမ်းဆောင်ရည်မြှင့်မားစေရန်၊ စိတ်ပိုင်းလူမှုပိုင်းနှင့်ပတ်သက်ပြီး ထိခိုက်နစ်နာစေမှုများကို ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ် ကြောင်း သိရသည်။

သင်တန်းတွင် အကြပ်အတည်းဖြစ်ရပ်များနှင့် စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီမှု၊ စိတ်ဖိစီးမှုနှင့် စိတ်ဖိစီးမှုကို ဖြေရှင်းခြင်း၊ ဆုံးရှုံးခြင်းနှင့် ဝမ်းနည်းပူဆွေးခြင်း၊ ရပ်ရွာလူထုအခြေပြု စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီမှု၊ စေတနာလုပ်အားရှင်များနှင့် ဝန်ထမ်းများအား ပံ့ပိုးကူညီခြင်းစသည့် ဘာသာရပ်များကို မြန်မာနိုင်ငံရှေးဦးပြုစုခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဌာနမှ နည်းပြများက စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဒုတိယဉက္ကဋ္ဌ ဒေါက်တာ ဒေါ်အမရာမော်နိုင်က Zoom Meeting ဖြင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး မြိတ်ခရိုင်ကြက်ခြေနီကြီး ကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးတင်မောင်ဆွေက အမှာစကားပြောကြားသည်။ သင်တန်းကို စက်တင်ဘာလ(၂၁)ရက်မှ (၂၃)ရက်အထိဖွင့်လှစ်သွားမည်ဖြစ်ကာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၃၁)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)