ပုသိမ် စက်တင်ဘာ ၂၁
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်များနှင့် သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်“ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့ပါဝင်ဆောင်ရွက်ရမည့် ကဏ္ဍအလိုက် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတွင် ရာသီဥတုပြောင်းလဲမှုနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများကို ထည့်သွင်းဆောင်ရွက်သွားနိုင်ရန်၊ ပြည်သူလူထုအတွင်း သဘာဝဘေးအန္တရာယ် အသိပညာဗဟုသုတများ၊ သဘာဝဘေးအန္တရာယ် မကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆင့်ပွားအသိပညာ ပေးနိုင်စေဖို့ ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်၍ မိုးရာသီကာလများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မြစ်ရေကြီးခြင်း၊ ကမ်းပါးပြိုကျခြင်း စသည့် ဘေးအန္တရာယ်များ အနည်းနှင့်အများ ကြုံတွေ့ရလေ့ရှိပါကြောင်း၊ သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များ၊ အသိပညာပေးလုပ်ငန်းများ အပါအဝင် သဘာဝဘေးအန္တရာယ် ထိခိုက်မှုလျော့နည်းသက်သာစေရေး စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့သဘာဝဘေးဖြစ်စဉ်များကို လေ့လာကြည့်ပါက ကမ္ဘာတစ်ဝန်းလုံးတွင် သဘာဝဘေးအန္တရာယ် ကျရောက်မှုအကြိမ်အရေအတွက် စိတ်လာပြီး ဖျက်စီးမှုစွမ်းအားများလည်း ပိုမိုမြင့်မားလာတာကို တွေ့ရမှာဖြစ်ပါကြောင်း၊ သဘာဝဘေး ဖြစ်ပွားသည့် အကြောင်းအရင်းတွေကတော့ ရာသီဥတုပြောင်းလဲလာမှု၊ လူဦးရေတိုးပွားလာမှုနှင့် နေထိုင်မှုပုံစံ ပြောင်းလဲလာမှုတို့ကြောင့် ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် မွေးမြူရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတများကဏ္ဍ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် စက်မှုကဏ္ဍ၊ မြို့ကြီးများ၊ မြို့နယ်များနှင့်လူသားတို့ အခြေချနေထိုင်မှုများကဏ္ဍ၊ ရာသီဥတုအန္တရာယ်နှင့် ကျန်းမာရေးကဏ္ဍ၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍများတွင် ထိခိုက်သက်ရောက်မှု များစွာရှိသည်ကို လေ့လာချက်များအရ သိရှိရပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းနိုင်သမျှ လျော့နည်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံတကာ အဖွဲ့အစည်းများပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးအပါအဝင် အရးပေါ်တုံ့ပြန်မှုလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများတိုးပွားစေရေး၊ စွမ်းဆောင်ရည် မြင့်မားစေရေးတို့အတွက် ဌာနဆိုင်ရာများ၊ သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များ၏ လုပ်ငန်းစွမ်းဆောင်ရည်များ မြှင့်တင်ဆောင်ရွက်ကြရန်နှင့် သင်တန်းသူသင်တန်းများအနေဖြင့် သင်တန်းမှပို့ချမှုများအား စနစ်တကျ လေ့လာမှတ်သားကြပြီး မိမိတို့ဒေသ၊ ဌာနဆိုင်ရာများတွင် အကျိုးရှိစွာ ပြန်လည်မျှဝေဆောင်ရွက်ပေးကြကာ သဘာဝဘေး အန္တရာယ်များအား ကူညီကာကွယ် ဆောင်ရွက်နိုင်ပါစေကြောင်း”ပြောကြားသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းဖွင့်လှစ်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများ၊ သင်တန်းသား သင်တန်းသူများနှင့် မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၂)ကို ယခုလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၅၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)