(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပုသိမ် စက်တင်ဘာ ၂၁

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင် ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယမန်နေ့ ည‌နေပိုင်းက ပြုလုပ်ရာ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်သို့ သွားရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်း လေ့ကျင့်ရေးနာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဗဟိုအဆင့်သို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းကော်မတီ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်း လေ့ကျင့်ရေးနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက“ ဗဟိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုများရရှိနိုင်ရေးတို့ အတွက် ခရိုင်အဆင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်၍ ဆုရရှိသူများ ရွေးချယ်ကာ စခန်းသွင်းလေ့ကျင့်မှုများ ဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း၊ ပြိုင်ပွဲတွင်အောင်မြင်မှု ရရှိနိုင်ရန်အတွက် လေ့ကျင့်ချိန်များများရရှိစေရေး၊ လေ့ကျင့်သား ပြည့်ဝစေရေး စနစ်တကျပြင်ဆင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စခန်းသွင်းလေ့ကျင့်နေစဉ် ကာလအတွင်း ကျန်းမာရေး အထူးဂရုပြု နေထိုင်ရန်နှင့် စခန်းသွင်းလေ့ကျင့်ချိန်တွင် စနစ်တကျလေ့ကျင့် သင်ကြားပေး၍ အကောင်းဆုံးယှဉ်ပြိုင် အောင်မြင်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ လုပ်ငန်း ကော်မတီများကလည်း မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများအလိုက် ပူးပေါင်းဆောင်ရွက်ပေးကြစေလို ကြောင်း” ပြောကြားသည်။

ဆက်လက်၍ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်သို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းကော်မတီများအလိုက် အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)