ရှမ်းရွာသစ် စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်စာအုပ်စာစောင်များကို အခမဲ့ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား/သူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာပေများကိုပါ လေ့လာဖတ်ရှုကြ ရန် စသည့်နည်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်း ပြောကြားပြီးနောက် တိုင်းရင်းသားရုပ်ပုံပြပုံပြင်စာအုပ်များ၊ ဓမ္မရုပ်ပြများနှင့် ပုံပြင်စာအုပ်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူလေးများ အသိပညာဗဟု သုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို လက်ဝယ်အရောက် ငှားရမ်းပေးခြင်း လုပ်ငန်းတို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဒေသနေပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေး အတွက် Online မှတစ်ဆင့် Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးခြင်း တို့ကိုလည်း ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)