လပွတ္တာ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယနေ့ နံနက်(၈)နာရီချိန်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဂန့်အိတ်ကျေးရွာအုပ်စု၊ ဂန့်အိတ်ကျေးရွာ၊ ဇေတဝန်ကျောင်းသစ် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးလွင်၊ လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထူးနှင့် အဖွဲ့ဝင်များပါဝင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ကျေးရွာအတွင်း တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စများ၊ မှုခင်းကျဆင်းရေးနှင့် သက်ငယ်မုဒိန်းမှုပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဌာနအလိုက်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ဥပဒေ၊ စည်းမျည်း စည်းကမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ ဒေသခံပြည်သူ(၁၀၀)ဦး တက်ရောက် ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ တက်ရောက်ကြသည့် ဒေသခံပြည်သူများမှ တင်ပြသည့်အခက်အခဲများအား သက်ဆိုင်ရာမြို့နယ် အဆင့် ဌာနဆိုင်ရာများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသည့် ပျဉ်ထောင်တွင်း-ဥက္ကံ- ကပြိုကျေးရွာ ချင်းဆက်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)