ရွှေဘို စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်ကခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူး၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌဦးမျိုးဦးက အမျိုးသမီးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ လုပ်ငန်းစဉ်များ၊ လမ်းညွှန်ချက်များနှင့်အညီ အမျိုးသမီးများ၏ အခန်းကဏ္ဍများကို ကြိုးပမ်းဆောင်ရွက်သွားကြဖို့ လိုအပ်ပါကြောင်း၊ အမျိုးသမီးများအား ခွဲခြားဆက်ဆံမှု ပပျောက်စေရေး အသိပညာပေးလုပ်ငန်းများ၊ နှစ်သိမ့်ဆွေးနွေးခြင်းလုပ်ငန်းများအပါအဝင် သက်ဆိုင်ရာလုပ်ငန်းများ ယခုထက်ပိုမို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် အမျိုးသမီးများ၏ အင်အားသည် အရေးပါသော အင်အားတစ်ခုဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိမ်းလဲ့လဲ့က အမျိုးသမီးများကဏ္ဍ ဆောင်ရွက်ခဲ့သည့် အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာကြသည့် အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။
ထို့နောက် ရွှေဘိုခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌက အဖွဲ့ဝင်များ၏ တင်ပြဆွေးနွေးမှုများအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ပြီးနောက် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ခရိုင်(ပြန်/ဆက်)