မုံရွာ စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီအောက်ရှိ လုပ်ငန်း ကော်မတီ (၄) ရပ်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ကော်မတီနှင့်လုပ်ငန်းကော်မတီအသီးသီးတို့မှ ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အစည်းအဝေးတွင် “ယနေ့ပြုလုပ်သည့် အစည်းအဝေးမှာ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာကော်မတီ အတွင်းရေးမှူးများအနေဖြင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို တင်ပြပေးစေကြောင်းနှင့် ဆောင်ရွက်ပြီးလုပ်ငန်းများကို Main Committee သို့ ဆက်လက်တင်ပြရမှာ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးကလေးအလုပ်သမား ပပျောက်ရေးအစည်းအဝေးကို (၂) ကြိမ်ပြုလုပ်ခဲ့ပြီး အစည်းအဝေးမှ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးဆိုင် လုပ်ငန်းစီမံချက်များ အောင်မြင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် (၃) လတစ်ကြိမ် ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်ပြီး တိုင်းဒေသကြီး အလုပ်သမားပပျောက်ရေးကော်မတီသို့ တင်ပြသွားရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေး တိုးတက်မှုများသည် ကလေးအလုပ်သမား အသုံးပြုနေရသည့် အဓိကအခြေခံ အကြောင်းအရင်းများနှင့် တိုက်ရိုက်ဆက်စပ်နေသည့်အတွက် အလေးအလုပ်သမား လျော့နည်းပပျောက်ရေး ဆောင်ရွက်ရန် အခက်အခဲများရှိနိုင်သော်လည်း မိမိတို့ကော်မတီများအနေဖြင့် တက်စွမ်းနိုင်သမျှ လျော့နည်းပပျောက်ရေး ဦးစားပေးဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်းနှင့် ကော်မတီအတွင်းရေးမှူးများမှ လုပ်ငန်းအောင်မြင်ရေးအတွက် အထူးအလေးထားကာ ဝိုင်းဝန်းညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် ဖြစ်နိုင်ချေရှိသည်များကိုလည်း ဝိုင်းဝန်း ဆွေးနွေး တင်ပြပေးကြစေလိုကြောင်း” စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး “မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးတိုးမြှင့်ခြင်း၊ အလေးထားမှုမြှင့်တင်ခြင်းနှင့် အားပေးထောက်ပံ့ခြင်းများကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ တိုးတက်ကောင်းမွန်လာစေရန် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် ရွေ့ပြောင်းနေထိုင်မှုများ၊ ရာသီဉတုပြောင်းလဲခြင်းဆိုင်ရာ အကျိုးဆက်များကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များ၊ စားနပ်ရိက္ခာ မဖူလုံမှုများ၊ လူမှုစီးပွားဘဝအကြပ်အတည်းများသည် ကလေးများအား ပညာဆုံးခန်း တိုင်အောင် မသင်ကြားနိုင်ဘဲ ကလေးအလုပ်သမားအဖြစ်သို့ တွန်းပို့လျက်ရှိသည့် အခြေအနေများကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရေရှည်အလေးထား ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး ကော်မတီ၏ စီမံကိန်းအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အားလုံးပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း” တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်တို့မှ တိုက်တွန်းစကားများ ပြောကြားကြသည်။
ထို့နောက် အဆိုးရွားဆုံးပုံစံနှင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒေါ်သန္တာထွေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ကော်မတီအတွင်းရေးမှူး ဦးတိုးဝင်း၊ အသိညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီနှင့် စောင့်ကြည့်အကဲဖြတ် စိစစ်ရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး ဦးတင့်ဆွေတို့မှ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား အသေးစိတ်ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာသောအဖွဲ့ဝင်များ၏ အကြံပြုဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)