ကန့်ဘလူ၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲဆုရရှိသူများ ဆုချီးမြှင့်

ကန့်ဘလူ စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်သည့်အခမ်းအနားကို စက်တင်ဘာလ ၁၉ ရက် နံနက် ၁၀ နာရီက ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က ကျောင်းသားလူငယ်များ ငယ်ရွယ်စဉ်ကပင် အိုဇုန်းလွှာပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို သိရှိစေရန်၊ အိုဇုန်းလွှာပျက်စီးရခြင်း အကြောင်းရင်းမှာ ကလိုရင်းနှင့်ဘရိုမင်းပါဝင်သော လူတို့ထုတ်လုပ်သည့် ဓာတုပစ္စည်းများကြောင့်ဖြစ်ကြောင်း၊ ယင်းဓာတ်ပစ္စည်းများ လေထုအတွင်းရောက်ရှိသွားသည့်အခါ အိုဇုန်းလွှာနှင့်ထိတွေ့ပြီး ဓာတ်ပြုမှုအဆင့်ဆင့်ဖြစ်ပေါ်လာကာ အိုဇုန်းလွှာမှာပါဝင်သည့် အောက်စီဂျင်အက် တမ်များ ကွဲထွက်ပြီး အိုဇုန်းလွှာပျက်စီးစေကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့် ပေးအပ်သည်။ အဆိုပါပန်းချီပြိုင်ပွဲကို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဖြစ်သည့် ယခုလ စက်တင်ဘာ ၁၆ ရက်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ ၁၂၃ ဦး၊ မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူ ၇၇ ဦးတို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု နှစ်ဆုစီ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)