ပဲခူးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) ကျင်းပ

ပဲခူး   စက်တင်ဘာ  ၂၁     

ပဲခူးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (/၂၀၂၂)ကို ယမန်နေ့နံနက်ပိုင်း က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်များကြောင့် အလုပ်လုပ်ကိုင်နိုင်သည့် အသက်(၂၀)မှ အသက်(၄၀)ကြား လူသားအရင်းအမြစ်များ ဆုံးရှုံးရလျက်ရှိကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး မီးပွိုင့်အသစ်များ တိုးချဲ့တပ်ဆင်ပေးခြင်း၊ မီးပွိုင့်အဟောင်းများ အဆင့်မြှင့်တင်ပေးခြင်း၊ လူသွားလမ်း ပလက်ဖောင်းများ ပြုလုပ်ပေးခြင်း၊ လမ်းလယ်စတီးလက်ရန်းများ တပ်ဆင်ပေးခြင်း၊ ပန်းခုံများပြု လုပ်ပေးခြင်းနှင့် အနှေးယာဉ်လမ်းကြောင်းပြ အမှတ်အသားများ ပြုလုပ်ဆောင်ရွက်ပေးထားပြီး ဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်ပွားမှု အများဆုံးသည် ()ဘီးတပ် မော်တော်ဆိုင်ကယ်များဖြစ်၍ မော်တော်ဆိုင်ကယ်စီးနင်း မောင်းနှင်သူတိုင်း မော်တော်ဆိုင်ကယ် ဦးထုပ် စနစ်တကျတပ်ဆင်ရမည် ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကော်မတီများ အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရမှာဖြစ်သလို စစ်ဆေးအရေးယူမှု အပိုင်းကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို ရွေ့လျားမော်တော်ယာဉ်များဖြင့် ရပ်ကွက်/ကျေးရွာများအတွင်း လှည့်လည့်ဟောပြောခြင်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား စစ်ဆေးရာတွင် ၎င်းယာဉ်များ၏ ကြံ့ခိုင်မှုအပိုင်းကိုလည်း သေချာစစ်ဆေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လမ်းမကြီးများ၏ လမ်းအရည်အသွေး ကောင်းမွန်စေရန်နှင့် လမ်းညွှန်ဆိုင်းဘုတ်အမှတ်အသားများ ပြည့်စုံမှုရှိစေရေး သက်ဆိုင်ရာ B.O.T ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်နှင့် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်များ စီးနင်းမောင်းနှင်မှုမရှိစေရေး စစ်ဆေးဆောင်ရွက်ရန် ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး က ပဲခူးတိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်နှင့်ပတ်သက်၍ တက်ရောက်လာသည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၊ အဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးများက အကြံပြုတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)