ကျွန်းလှ စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မြို့မ (KC) နယ်မြေအတွင်း စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ ပိုးမွှားကျရောက်မှုကင်းထောက်ခြင်းနှင့် မျိုးကွဲနုတ်ပယ်ခြင်း ကွင်းဆင်းဆောင်ရွက်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ယခုနှစ် မိုးစပါးကို ဇူလိုင်လက စတင်စိုက်ပျိုးကြပြီး နှစ်လသားအရွယ်ရောက်ရှိပြီဖြစ်ပါတယ်။ စပါးပင်ပွားစည်းချိန် သန္ဓေတည်ချိန်နီးကပ်လာပြီဖြစ်တာကြောင့် စပါးခင်းများအတွင်း ဆစ်ပိုး၊ ရွက်လိပ် ရွက်ကပ်ပိုး စတဲ့ပိုးမွှားများကျရောက်မှုကင်းထောက်ခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်းများကို တောင်သူများနဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
ယခုနှစ် မိုးသီးနှံစိုက်ပျိုးသည့် တောင်သူများအား ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာရောင်းချပေးခြင်း၊ သဘာဝပိုးသတ်ဆေး၊ ပိုးပြေးဆေး ပိုးနှင်ဆေးများ ပြုလုပ်သုံးစွဲရေး၊ ဘက်စုံသုံးပိုးမွှားကာကွယ်နှိမ်နင်းနည်းစနစ် လိုက်နာကျင့်သုံးရေး၊ ဓာတ်မြေဩဇာ အချိုးကျထည့်သွင်းသုံးစွဲရေးတို့ကို အသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးစပါး ၃၄၀၉၃ ဧက စိုက်ပျိုးခဲ့ပြီး၊ မျိုးစေ့ထုတ်ကွက် ဧက ၂၀၀နှင့် တင်း (၁၀၀) ထွက်ရှိရေးစံပြကွက် ဧက ၂၀ စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးစီးဌာနမှ သိရသည်။
မျိုးဝင်းညို (ပြန်/ ဆက်)