ခမောက်ကြီး စက်တင်ဘာ၂၀
ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတွင် စက်တင်ဘာ(၄) ရက်နေ့က ဖွင့်ပွဲပြုလုပ်၍ ယှဉ်ပြိုင်ကစားလျက်ရှိသော မိုးရာသီကျောင်းကောင်စီ ဘောလုံးအားကစားပြိုင်ပွဲ၏ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားခြင်းနှင့်ဆုချီးမြှင့်ခြင်းကို ယမန်နေ့က အခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။
ထိုအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့တို့က ကျောင်းကောင်စီအသင်းအဖွဲ့အလိုက် အမျိုးသမီး၊ အမျိုးသားပွဲစဉ်များ ယှဉ်ပြိုင်ကစားကြရာမှ ဆုရရှိကြသည့်အသင်းတို့အား တံခွန်စိုက်ဖလားနှင့် ဆုတံဆိပ်များ၊ ဆုတော်ငွေများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ကျောင်းအုပ်ဆရာကြီး ဦးတင်ကြိုင်မှဘောလုံးပြိုင်ပွဲ ပွဲစဉ်အစမှ ပွဲစဉ်ပြီးဆုံးချိန်ထိ ကူညီပေးပါသော ဘောလုံးအသင်းဒိုင်များ၊ ခမောက်ကြီးမြို့ ကြက်ခြေနီအသင်းနှင့် ဘောလုံးပြိုင်ပွဲ ဖြစ် မြောက်အောင်အဘက်ဘက်မှ ကူညီပေးကြသော စေတနာရှင်၊ ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ရန်အတွက် အလှူငွေများလှူဒါန်းပေးပါသော အလှူရှင်များအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အထကခမောက်ကြီးကျောင်း၊ ကျောင်းကောင်စီဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မိဘဆရာအသင်းအဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကျောင်းသား/သူများနှင့် မိဘများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)