အုတ်တွင်း စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်ညိုကျေးရွာနှင့် အင်ဒိုင်းကျေးရွာ အသိပညာပေးဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီက ဒေသဖွံ့ဖြိုးတိုးတက်စေရေး စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဆွေးနွေးဆောင်ရွက်ခြင်းဖြစ်ပြီး မိဘပြည်သူများကလည်း လိုအပ်သည်များအား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်ဆန်းဦးက သဘာဝမြေသြဇာပြုလုပ်သုံးစွဲခြင်း၊ မြေသြဇာစနစ်တကျထည့်သွင်းခြင်းနှင့် ကန်ထရိုက်လယ်ယာစနစ်အကြောင်းအရာအားလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်သင်းသဥ္ဇာက မွေးမြူရေးတိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအကြောင်းအရာအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကဒေသခံတောင်သူများအား သဘာဝဓာတ်မြေသြဇာရွက်ဖျန်းအားဆေးအဖြင့် ငါးအမိုင်နိုအက်ဆစ်ပြုလုပ်ခြင်းကို လက်တွေ့ပြုလုပ်ပြသပေးခဲ့ကြောင်းနှင့် ဒေသခံတောင်သူများက သိရှိလိုသည်များ မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းနှင့် သက်ဆိုင်ရာဦးစီးဌာနအသီးသီးကလည်း အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ခင်ခင်မာ(ပြန်/ဆက်)