ထားဝယ် စက်တင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၊ အိုးလုပ်ဈေးတွင် အစားအသောက်နှင့် လူသုံးကုန်/အလှကုန် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် တရားမဝင် Online ကြေညာချက်များစောင့်ကြည့်ရေးအဖွဲ့မှ တင်ပြထားသောကုန်ပစ္စည်းများရောင်းချမှု ရှိ/မရှိ ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးဆောင်သောပူးပေါင်းအဖွဲ့များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ထားဝယ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ စာသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများ ဈေးအတွင်းရှိ ကုန်စုံဆိုင်များနှင့်ဈေးဆိုင်များတွင် အစားအသောက်နှင့် အလှကုန်၊ လူသုံးကုန်များတွင် IR မရှိသော ကုန်ပစ္စည်းများရောင်းဝယ်မှုမရှိစေရေးအသိပညာပေးပြောကြားပြီး ဆိုင် များမှ မုန့်ဖတ်၊ ပဲပြား၊ ခေါက်ဆွဲ၊ ချဉ်ဖတ်၊ ပုဇွန်ချဉ်စသည့်အခြေခံ အစားအသောက်နမူနာများအား ဖော်မလင်၊ ဘိုးရက်စ်နှင့် ခွင့်မပြုဓာတုပစ္စည်းများပါဝင်ခြင်း ရှိ/မရှိနှင့် ငပိများတွင် ခွင့်မပြုဓာတုဆိုးဆေးများ ရှိ/မရှိကို ရွေ့လျားဓာတ်ခွဲယာဉ်တစ်ခါသုံးဓာတ်ခွဲပစ္စည်းများဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ရှင်များနှင့်ဈေးဝယ်သူများအား ကျန်းမာရေးထိခိုက်စေသည့်ဆိုးဆေးနှင့် တာရှည်ခံဓာတုဆေးများ၊ အန္တရာယ်ကင်းသောအစားအစာရရှိရေးအတွက် အဓိကဆောင်ရွက်ရမည့်အချက် ၅ ချက်ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)