ဖျာပုံခရိုင်၌ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား စတုတ္ထ ၃ လပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ဖျာပုံ စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၌ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား စတုတ္ထ လပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မှစတင်၍ အိမ်အရောက် ထောက်ပံ့လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအား စတုတ္ထ ၃ လပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေအဖြစ် ဘိုးဘွား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေးမြို့နယ်များမှ ဘိုးဘွား(၂၉၉၅)ဦးထံ ခရိုင်/မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် အထွေထွေအုပ်ချပ်ရေးဦးစီးဌာန၏ အစီအစဉ်တို့ဖြင့် ထောက်ပံ့ငွေများကို  အိမ်အရောက် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ထိုသို့ထောက်ပံ့ရာတွင် အသက် ၈၅ နှစ်အထက်ဘိုးဘွားများ ဖျာပုံမြို့တွင် ၇၈၄ ဦး၊ ဘိုကလေး မြို့တွင် ၇၉၉ ဦး၊ ဒေးဒရဲမြို့တွင် ၇၂၄ ဦး၊ ကျိုက်လတ်မြို့တွင် ၆၈၈ ဦးရှိကြောင်း ခရိုင်ဦးစီးမှူး ဦးအေးကျော်ထံမှသိရသည်။

လှလှနွယ်(ခရိုင်ပြန်/ဆက်)