ညောင်တုန်း စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် နိုင်ငံတော်မှ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့်လူငယ်ရေးရာကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်လျက်ရှိရာတွင် ကျောင်းသား/ ကျောင်းသူ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံထူးချွန်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ညောင်တုန်းမြို့နယ်၊ ဗောဓိအခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါလူငယ်ရေးရာဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က လူငယ်စာပေဗဟုသုတတိုးပွားစေရန် စာဖတ်ဖို့လိုကြောင်း၊ အနာဂါတ်လူငယ်များ၏ အခန်းကဏ္ဍ အလွန်အရေးကြီးကြောင်း၊ လူငယ်နှင့်ကြီးပွားရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အကျင့်စာရိတ္တ စသည့် လူငယ်ရေးရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်လွင်က စားသုံးသူများအနေဖြင့် သတိပြုလိုက်နာရမည့် အချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များ စသည့် စားသုံးသူရေးရာ အသိပညာပေး အကြောင်းများကို လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာမြတ်ပွင့်ဖြူက ခွေးရူးရောဂါကင်းစင် မြန်ပြည်တစ်ခွင် ၂၀၃၀ တွင် ဆောင်ပုဒ်နှင့်အညီ ခွေးရူးရောဂါကူးစက်မှုမှကာကွယ်ရန် ခွေးများကို ခွေးရူးရောဂါ ကာကွယ်ဆေး ကြိုတင်ထိုးနှံရေး အကြောင်းအရာများကို လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အား/ကာမှူး ဒေါ်စုစုခင်က ကျန်းမာကြံ့ခိုင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အားကစားပြုလုပ်ကြရမည်ဖြစ်ကြောင်း အားကစားဟူသည် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အားကစားအမျိုးအစားများ၊ လူငယ်နှင့်အားကစားဆိုင်ရာများ၊ မိမိဝါသနာပါသည့် အားကစားများကို လေ့ကျင့်သင်ကြားပေးနေသည့် လူငယ်အားကစားသိပ္ပံကို စိတ်ပါဝင်စားသူလူငယ်များ တက်ရောက်၍ရကြောင်း စသည့် ခေါင်းစဉ်တို့ဖြင့် အသီးသီး ဟောပြောခဲ့ကြသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နွားမွေးမြူရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူလေးများအား နွားနို့တိုက်ကျွေး လှူဒါန်းခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် မြို့နယ်အား/ကာမှူး ဒေါ်စုစုခင်က အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။ အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူလူငယ်များ (၂၈၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)