မြန်အောင် စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း ယမန်နေ့ နံနက် ၄ နာရီ အချိန်မှစ၍ မြို့အဝင် အထွက်လမ်းဆုံများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး စစ်ဆေးအသိပညာပေးခြင်းများကို နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့ အဝင်/အထွက် ရွာသစ်ကုန်းကျေးရွာလမ်းဆုံ၌ မြန်အောင်မြို့မရဲစခန်းမှ တာဝန်ရှိသူများနှင့်ပူးပေါင်းအဖွဲ့မှ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ သုံးဘီးယာဥ်များ၊ ခရီးသည်တင်ယာဉ်များ ယာဥ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ စနစ်တကျ သွားလာမောင်းနှင်စေရေး စစ်ဆေးကြပ်မတ် အသိပညာပေးခြင်း ဆောင်ရွက်နေမှုကို မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြန်အောင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်နှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ်အတွင်း မြန်အောင်၊ အင်ပင်၊ ကနောင်၊ သပြေကုန်း၊ ရွှေကျင်၊ မျှင်ဝါးတောင် နယ်မြေရဲစခန်းအလိုက် တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး စစ်ဆေးကြပ်မတ် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)